LAI MAI

ဗိုလ်ချုပ်အောင်ဆန်း အကြောင်း အပိုင်း(2)

ဗိုလ်ချုပ်အောင်ဆန်း အကြောင်း အပိုင်း(2)


ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ


18ဗိုလ်ချုပ်နဲ့ ပက်သက်ပြီးတော့ စာရေးဆရာကြီး ဒဂုန်တာရာက သူ့ရဲ့ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဆိုတဲ့ခေါင်းစဉ်နဲ့ တင်စားရေးသားခဲ့ပါသေးတယ်။ 
ဆရာဒဂုန် တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့မှာ ဗိုလ်ချုပ်ဟာ မြန်မာပြည် လွတ်လပ်ရေး အကြောင်းကိုသာ အမြဲစဉ်းစားနေတတ် ပြီး ကျန်သည့်အရာတွေကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးလိုပဲ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ ဘယ်လောက် နိုင်ပုံ၊ သူ ယုံကြည်ရာကို တစိုက်မက်မက်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ ဒါပေမယ့် သူ့မှာ အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို လှလှပပလေး တင်စားရေးဖွဲ့ခဲ့ပါတယ်။ အဲ့ဒီ့ရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ လို့ သူ့ရဲ့ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောပြီး ပြောခဲ့ဖူးပါတယ်။  ဒါ့အပြင် ဗိုလ်ချုပ်က နိုင်ငံရေးအလုပ်တွေကြောင့် မအားလပ်နိုင်ပေမယ့် အလင်္ကာကျော်စွာ မြို့မငြိမ်းရဲ့ သီချင်းတွေကို ကြိုက်နှစ်သက်ပြီး ညည်းတွားနေတတ် သေးတယ်လို့လည်း ပြောကြပါတယ်။ ဗိုလ်ချုပ်က ‘ဗမာအက၊ ဗမာဂီတ တွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ လို့လည်း ပြောကြားခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်မှာလည်း အနုပညာနဲ့ပတ်သက်ပြီး ခံစားတတ် ဂုဏ်ယူတတ်တဲ့ စိတ်ကလေး ကိန်းအောင်းနေခဲ့သေးတာကို တွေ့မြင်နိုင်ပါတယ်။





ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံအချို့









နောက်ဆုံးနေ့ရက်များ


၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှဝန်ကြီးချုပ် ကလီမင့်အက်တလီတို့ဟာ လန်ဒန်မြို့မှာ တစ်နှစ်အတွင်း မြန်မာ့ လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြခြင်းပါတယ်။ 19လူအချို့က ဗိုလ်ချုပ်ကို ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင် သစ္စာရှိမှု၊ ဂျပန်နှင့် ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြုနှိပ်ကွပ်ခဲ့တာနဲ့ပတ်သက်ပြီး တာဝန်ရှိသည်ဟု ယူဆခဲ့ကြပါတယ်။ စစ်အတွင်းတုန်းက သူကြီးတစ်ဦးကို ကွက်မျက်မှုနှင့် အရေးယူရန်လည်း ကြိုးစားအားထုတ်ခဲ့ပါသေးတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အခြားတိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ ပင်လုံညီလာခံ တွင် စည်းလုံးညီညွတ်ရေး ဖော်ဆောင်သည့် သက်သေအဖြစ် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဧပြီမှာ ဖဆပလက တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ အနိုင်ယူခဲ့ပြီးတော့ ဇူလိုင်လမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်မှာရှိတဲ့ `ဆိုရန်တာဗီလာ´မှာ ကျင်းပခဲ့ပါတယ်။ လွတ်လပ်ရေးမရမီ 20လအနည်းငယ် အလိုမှာတော့  ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူရဲ့အစ်ကိုဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ လုပ်ကြံမှုက သူ့ရဲ့ ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစောရဲ့ လက်ချက်လို့ယူဆရတဲ့အပြင် ဦးစောရဲ့ တရားခွင်စစ်ဆေးချက်များမှာလည်း သံသယဖြစ်စရာများ တွေ့ရှိခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပေမယ့် လွှတ်တော်ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ဦးနုက တိုင်းပြည်လွတ်လပ်ရေး ကြိုးပမ်းမှုများကို အရှိန် မပျက် ဆက်လက် ထမ်းဆောင်ခဲ့တဲ့အတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပေမယ့်လည်း လွတ်လပ် ရေးရဲ့ အရသာကိုတော့ ခံစားခွင့် မရလိုက်ပါဘူး။
  
 

ဗိုလ်ချုပ်အောင်ဆန်း၏ဘ၀ဖြစ်စဉ်နေ့စွဲများ



၁၉၁၅။    ။ ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၁၂၇၆ တပေါင်းလဆန်း ၁ ရက် စနေနေ့တွင် မကွေးတိုင်း နတ်မောက်မြို့၌ဖွားမြင်သည်။ ဗေဒင်ဆရာက ဇာတာတွင် ထိန်လင်းဟု အမည်ရေးသောလည်း အကိုဖြစ်သူ အောင်သန်းနှင့်လိုက်ဖက်အောင် အောင်ဆန်းဟုခေါ်တွင်ခဲ့သည်။



၁၉၂၂။    ။ အသက် ၇ နှစ်တွင် နတ်မောက်မြို့ ဆရာတော် ဦးသောဘိတထံတွင် ကျောင်းနေခဲ့သည်။



၁၉၂၈။    ။ ရေနံချောင်းအမျိုးသားအထက်တန်းကျောငိးသို့ ပြောင်းနေခဲ့သည်။



၁၉၃၀။    ။ သတ္တမတန်းအောင်ကာ ဦးရွှေရိုးစကောလားရှစ်ရသည်။ တစ်လ ၁၀ဖြင့် သုံးနှစ်စာ စကောလားရှစ်ရခဲ့သည်။



၁၉၃၂။    ။ ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းအောင်ကာ ရန်ကုန်တက္တသိုလ်ရောက်သည်။



၁၉၃၄။    ။ ဥပစာတန်းအောင်သည် (စာမေးပွဲခုံအမှတ် ၂၃၁)။ တကသ အမှုဆောင်ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည်။



၁၉၃၅-၃၆။      ။ တကသအမှုဆောင်ရွေးကောက်ပွဲဝင်ရာ အရွေးခံရသည်။ အိုးမဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ်ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်စဉ် အိုးဝေမဂ္ဂဇင်း၌ "ခွေးသရမ်းကြီးလွတ်နေသည်" (Hell Hound At Large) ဆောင်းပါးရေးသူကို ထုတ်ဖော်မပြောသဖြင့် တက္ကသိုလ်မှ ထုတ်ပယ်ခံရသည်။



၁၉၃၆။    ။ တကသ ဒုဥက္ကဌရွေးချယ်ခံရသည်။ ရန်ကုန်မြို့ ဂျူဘာလီဟောခန်းမ၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံတွင် မိန့်ခွန်းပြောကြားသည်။



၁၉၃၇။    ။ အင်္ဂလိပ်စာပေ၊ ဥရောပရာဇ၀င်၊ နိုင်ငံရေးဗေဒ ဘာသာရပ်များဖြင့် ၀ိဇ္ဇာတန်း အောင်မြင်သည်။ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာရနှင့် စာဖတ်အသင်း ဥက္ကဌအဖြစ် ဆောင်ရွက်သည်။ ပဲခူးဆောင် အခန်းအမှတ် (၁၁၃)တွင် နေခဲ့သည်။



၁၉၃၇-၃၈။      ။ တကသဒဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဌအဖြစ်လည်း ဆောင်ရွက်သည်။



၁၉၃၈။    ။ ဥပဒေသင်ကြားနေရာမှ၎င်း၊  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂဥက္ကဌ နေရာမှ၎င်း နှုတ်ထွက်သည်။ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော နယူဘားမား သတင်းစာ အယ်ဒီတာအဖွဲ့တွင် ခေတ္တ၀င်ရောက် လုပ်ကိုင်သည်။ ပထမဦးဆုံး တက္ကသိုလ် ကျောင်းသား ကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ အောက်တိုဘာလတွင် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်သည်။



၁၉၃၈-၃၉။    ။ တကသဥက္ကဌအဖြစ် ဆောင်ရွက်သည်။



၁၉၃၉။    ။ ဇန်န၀ါရီလတွင် ရန်ကုန်အရေးတကြီး လုံခြုံရေးအက်ဥပဒေဖြင့် (၁၅)ရက် ဖမ်းဆီးထောင်ချခံရသည်။ ဖေဖော်ဝါရီ (၂၅)ရက်နေ့ သန်းခေါင်ကျော် ၂ နာရီခွဲတွင် ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အသင်းအလုပ် အမှုဆောင် အစည်းအဝေးသို့ တက်ရောက်သည်။ ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၅နာရီတွင် ဗမာပြည် နန်းရင်းဝန်၊ မြို့မိမြို့ဖ အဖွဲ့ဝင်လူကြီးများနှင့် ကျောင်းသား ခေါင်းဆောင်များ (ကျောင်းသားသပိတ် အရေးနှင့် စပ်လျဉ်း၍) တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးသို့ တက်ရောက်သည်။ ဧပြီ ၆ ရက်မှ ၉ ရက် အထိ ကျင်းပသော မော်လမြိုင်ညီလာခံတွင် အတွင်းရေးမှုးအဖြစ် တာဝန်ခံ ဆောင်ရွက်သည်။ သြဂုတ်လ ၁၃ရက်နေ့တွင် ရန်ကုန်ရေကျော်ရပ် တို့ဗမာအစည်းအရုံး တည်နေရာ၌ သခင်ဆောင်ဆန်း၊ သခင်လှဖေ၊ ကိုသိန်းဖေ၊ ကိုဗဟိန်း၊ မစ္စတာဒတ္တားတို့သည် တို့ဗမာအစည်းအရုံး အတွင်းတွင် ကွန်မြူနစ်အဖွဲ့လေးတရပ် စတင်ဖွဲ့စည်းသည်။ သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်း ၄၉လမ်း အိမ်နံပါတ် ၁၈၈တွင် ဗမာပြည် ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာတည်ထောင် ဖွဲ့စည်းပြီး သခင်အောင်ဆန်းက အထွေထွေ အတွင်းရေးမှုးအဖြစ် တာဝန်ယူခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် ဒေါက်တာဘမော်အိမ်၌ ကျင်းပသော အစည်းအဝေး၌ ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်း ခံရသည်။ နိုဝင်ဘာ ၁၈ ရက်ေ န့တွင် မြေအောက်တော်လှန်ရေး ဗဟိုအဖွဲ့ကို စတင်တည်ထောင်ကာ သခင်အောင်ဆန်းအား ပြည်ပခေါင်းဆောင်အဖြစ် တင်မြှောက်ကြသည်။ ၁၉၃၉ ဒီဇင်ဘာလမှ ၁၉၄၀ ဇန်န၀ါရီလ အတွင်း ဗမာတစ်ပြည်လုံးသို့ တရားလှည့်လည် ဟောပြောခဲ့သည်။








၁၉၄၀။    ။ မတ်လ ၂၂ရက်နေ့ အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့တွင် ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက်ညီလာခံသို့ သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်တင်မောင်၊ သခင်ဆင်ဂူပတား၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ ကိုဗဟိန်း တို့နှင့်အတူ တက်ရောက်ခဲ့ကာ မေလ ၅ရက်၌ ရန်ကုန်ပြန်ရောက်သည်။ ဇွန်လ ၂၉ ရက်တွက် ဟင်္သတခရိုင် ရာဇ၀တ်ဝန် မစ္စတာဇေးဗီးယားက ဇွန်လ ၁ရက်နေ့ ဇလွန်မြို့၌ ချင်းတောင် အကြောင်း ဟောပြမှုဖြင့် သခင်အောင်ဆန်းကိုဖမ်းရန် ၅ ကျပ်တန် ၀ရမ်းကို ထုတ်ခဲ့သည်။ သြဂုတ်လ ၈ ရက်နေ့တွင် သခင်လှမြိုင်နှင့်အတူ ဟိုင်လီအမည်ရှိ သင်္ဘောဖြင့် ဗမာပြည်မှ တရုတ်ပြည်သို့ လျှို့ဝှက်စွာ ထွက်ခွါခဲ့ကြသည်။ သြဂုတ်လ ၂၄ရက်နေ့တွင် တရုတ်ပြည် အမွိုင်သို့ ရောက်ရှိကာ ထိုမှတဆင့် နိုဝင်ဘာ ၁၂ရက်နေ့တွင် ဂျပန်ပြည် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။



၁၉၄၁။    ။ မတ်လ ၃ရက်နေ့တွင် ဗမာပြည်သို့ပြန်လာပြီး မတ်လ ၉ ရက်နေ့၌ ရဲဘော်သုံးကျိပ်ထဲမှ ပထမအသုတ်လူငယ်တစ်စုကို တပါးတည်းခေါ်ယူပြီး ဂျပန်ပြည်သို့ လျို့ဝှက်စွာ ပြည်လည် ထွက်ခွာခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ဂျပန်ပြည်တိုကျိုမြို့သို့ ပြန်လည် ဆိုက်ရောက်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလ ၀ရမ်းပြေးနေစဉ် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ နှုတ်ထွက်သည်။ ဒီဇင်ဘာ ၂၇၊ ၁၉၄၁​ စနေနေ့ည ၁ နာရီအချိန်တွင် ယိုးဒယား ပြည်ဘန်ကောက်မြို့ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏နေအိမ်တွင် ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းပြီး လက်မောင်းသွေး ဖောက်သောက်ကြသည်။


၁၉၄၂။    ။ ဇန်န၀ါရီ ၁ ရက်တွင် အင်္ဂလိပ်အစိုးရက သခင်အောင်ဆန်းကို ဘားမားလစ် (Burma List) ခေါ် အင်္ဂလိပ်အစိုးရ၏ ရန်သူတော် စာရင်းတွင် အမှတ်စဉ် ၂ အဖြစ် ကြေညာခဲ့သည်။ ဇူလိုင်လတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိအဖြစ် ဆောင်ရွက်သည်။ သြဂုတ်လ ၁ရက်တွင် ဘီအိုင်အေ ဗမာလွတ်လပ်ရေး တပ်မတော်မှ ဘီဒီအေ ဗမာ့ကာကွယ်ရေး တပ်မတော်အဖြစ်သို့ ပြောင်းလဲရာတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဘီဒီအေ တပ်မတော်၏ သေနာပတိ ဖြစ်လာသည်။ စက်တင်ဘာလ ၆ ရက်တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ လက်ထပ်ပွဲတွင် ဆေးရုံ ယခုစစ်ရုံးချုပ်ပေါ်၌ပင် ကျင်းပသည်။ နိုဝင်ဘာလ ၈ရက်တွင် မြို့တော်ခန်းမ၌ ကျင်းပသော ခေတ်သစ်ဆရာ ဖြစ်သင်တန်းတွင် သေနင်္ဂဗျူဟာ စစ်ပညာအကြောင်း ဟောပြောသည်။


၁၉၄၃။    ။ မတ်လတွင် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။ မတ်လ ၁၇ရက်တွင် ဒေါက်တာဘမော်နှင့် အတူဂျပန်ပြည် တိုကျိုမြို့သို့ ဖိတ်ကြားခြင်းခံရပြီး ၁၉၄၃ မတ် ၂၂ ရက်တွင် ဂျပန်အင်ပါယာ၏ ဘွဲ့ထူးဂုဏ်ထူးတံဆိပ် (order of the risingsun) ဖြင့် ချီးမြှင့်ခံရသည်။ သြဂုတ်လ ၁ရက်တွင် ဗမာ့တပ်မတော် စစ်ဦးစီး သေနာပတိ ရာထူးအပြင် စစ်ဝန်ကြီးအဖြစ် ဆောင်ရွက်သည်။ ဂျပန်အစိုးရ၏ (First Class Order of The Sacred Treadsure) ချီးမြှင့်ခြင်း ခံရသည်။ အောက်တိုဘာ ၂ ရက်တွင် ဦးဝိစာရကြေးရုပ်နှင့် ကျောက်တိုင်ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားသည်။









၁၉၄၄။    ။ သြဂုတ်လ ၄ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ပြီး ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး (ဖဆပလ) ကို ပဲခူးမြို့ဗမာ့တပ်မတော် တိုင်း ၄ စခန်း၌ လျို့ဝှက်စွာ ဖွဲ့စည်းခဲ့သည်။ ထိုသို့ ဖွဲ့စည်းရာ၌ ဗိုလ်ချုပ်အောင်ဆန်ုးသည် ဖဆပလ ဗဟိုဦးစည်း အဖွဲ့တွင်၎င်း၊ ဖဆပလ ဗဟိုစစ်ကောင်စီတွင်၎င်း၊ စစ်ရေး ခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ သြဂုတ်လ ၂၃ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ ပတ်လမ်းနှင့် ဦးထွန်းမြင့် လမ်းထောင့်ရှိ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်၌ ဗမာ့တပ်မတော် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပြည့်သူ့အရေးတော်ပုံ ပါတီတို့ ပါဝင်ဖွဲ့စည်းသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကို ပြည်လည်ဖွဲ့စည်းသည်. စက်တင်ဘာ ၃ ရက်တွင် ဗိုလ်မှူးကြီး စောကြာဒိုး၊ ဗိုလ်ကြီး စောစံဘိုးသင်၊ ဗိုလ်မှူးရဲထွက်၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည့် နှင့်အတူ မြောင်းမြမြို့သို့ ရောက်လာကြသည်။ စက်တင်ဘာ ၇ရက်တွင် ဗိုလ်မှူးကြီးစောကြာဒိုး၊ ဗိုလ်ကြီးစောစံဘိုးသင်၊ ဒုဗိုလ် သိန်းဆွေ၊ ဗိုလ်မှူးကြီး ဇေယျ၊ ဗိုလ်မှူးရဲထွက်တို့နှင့်အတူ ပုသိမ်ခရိုင် ကန်ကြီးထောင့်ရွာသို့ ခရီးထွက်ကြသည်။


၁၉၄၅။    ။ မတ်လ ၁၇ ရက်တွင် ရန်သူကို တိုက်ခိုက်ရန်အတွက် တပ်မတော်ကို ဦးဆောင်ပြီး စစ်မြေပြင် ထွက်ခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ဖက်စစ်ဂျပန်များကို စတင်တော်လှန်သည်။ မေလ ၆ ရက်တွင် ဗိုလ်ချုပ်စလင်းနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံသည်။ ဇွန် ၂၀ ရက်တွင် အင်္ဂလိပ်စစ်သင်္ဘော ကမ်ဘာလင် (H.M.S Cumberland) ပေါ်၌ အခြား နိုင်ငံရေး ခေါင်းဆောင်များနှင့်အတူ ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် တွေ့ဆုံဆွေးနွေသည်။ သြဂုတ်လ ၁၉ ရက် နေသူရိန် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားသည်။ သြဂုတ်လ ၂၉ ရက် မြို့တော်ခန်းမ၌ ကျင်းပသည့် အရှေ့အနောက်အသင်း (East And West Association) တွင် အင်္ဂလိပ်ဘာသာဖြင့် ဟောပြောခဲ့သည်။ စက်တင်ဘာလ ၄ ရက်တွင် အရှေ့တောင်အာရှဆိုင်ရာ သေနာပတိ လော့မောင်ဘက်တန်နှင့် ဗမာ့တပ်မတော် ဆက်လက် တည်တံ့ရေးအတွက် ဆွေးနွေးရန် သခင်သန်းထွန်း၊ ဗိုလ်လင်္ကျာ၊ ဗိုလ်နေ၀င်း၊ ဦးဘဖေတို့နှင့်အတူ သီဟိုကျွန်း ဂန္ဓီမြို့သို့ သွားသည်။


၁၉၄၆။    ။ ဇန်န၀ါရီ ၂၀ရက်တွင် ရွှေတိဂုံအလယ် ပစ္စယံ၌ ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလ ညီလာခံတွင် ဖဆပလ ဥက္ကဌအဖြစ် တင်မြောက်ခံရသည်။ မတ်လ ၄ ရက်တွင် သခင်မြ၊ ဟင်္သာတဦးမြ၊ ဦးအောင်စံဖေတို့နှင့်အတူ ရန်ကုန်မှ ရခိုင်သို့ ခရီးထွက်သည်။ မတ်လ ၆ ရက်တွင် တောင်ကုတ်ေ ရာက်သည်။ မတ်လ ၇ ရက်တွင် တောင်ကုတ်၌ တရားဟောသည်။ မတ်လ ၁၀ ရက်တွင် စစ်တွေကိုရောက်ပြီး၊ မတ်လ ၁၁ရက်နေ့၌ စစ်တွေမြို့တွင် တရားဟောသည်။ မတ်လ ၂၆ ရက်တွင် စထရင်း ဟော်တယ်၌ အိန္ဒိယခေါင်းဆောင် ပဏ္ဍစ်နေရူးနှင့် ၃နာရီကြာ ဆွေးနွေးသည်။ မေလ ၂၈ ရက် ညနေ၄ နာရီ အချိန်၌ ပြည်သူ့ရဲဘော်တပ်ဖွဲ့ အားလုံးကို လောင်းဝစ် လမ်းဌာနချုပ် အဖွဲ့တည်ရာ ဌာန၌ သြ၀ါဒမိန့်ခွန်း ပေးသည်။ စက်တင်ဘာ ၂၆ ရက်တွင် ဘုရင်ခံ၏ အမှူဆောင် ကောင်စီ၌ ဒုသဘာပတိ အဖြစ် ရာထူးလက်ခံပြီး အစိုးရအဖွဲ့ အသစ်ကိုဖွဲ့သည်။ နိုဝင်ဘာလ ၂ ရက် မြစ်ကြီးနားရှိ တိုင်းရင်းသား ကချင်စစ်တပ်ကို စစ်ဆေးသည်။ နိုဝင်ဘာလ ၁၄ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အထက်ဗမာပြည်သို့ ခရီးထွက်သည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကယားပြည်နယ် လွယ်ကော်မြို့၌ ကျင်းပသည့် ကရင်အမျိုးအသား နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်သည်။ ဒီဇင်ဘာလ ၂၄ ရက် နံနက်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော၌ စော်ဘွားများနှင့် ပထမဆုံးအကြိမ်ဆွေးနွေးသည်။








၁၉၄၇။    ။ ဇန်န၀ါရီ ၂ရက်တွင် သခင်မြ၊ ဦးတင်ထွတ်တို့နှင့် အတူ ဘိလပ်သို့ သွားသည်။ ဇန်န၀ါရီ ၅ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဒေလီရေဒီယိုမှ ဗမာပြည်သို့ ဟူသော မှာကြားချက် မိန့်ခွန်းကို အသံလွှင့်သည်။ အာရှညီညွတ်ရေးသို့  ဟူသော ဗိုလ်ချုပ်အသံသွင်း မိန့်ခွန်းကိုလည်း ထိုနေ့ည ၈ နာရီခွဲအချိန်တွင် ဒေလီရေဒီယိုမှ အသံလွှင့်သည်။ ဇန်န၀ါရီလ ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှဝန်ကြီးချုပ် အက်တလီ ခေါင်းဆောင်သော ဗြိတိသျှကိုယ်စားလှယ် အဖွဲ့တို့ ဆွေးနွေးပွဲကို လန်ဒန်မြို့အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှ ၀န်ကြီးချုပ်ဂေဟာ၌ ကျင်းပသည်။ ဇန်န၀ါရီ ၂၈ ရက်တွင် အောင်ဆန်း အက်တလီစာချုပ်အား လက်မှတ်ထိုးသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရန်ကုန် ပြန်ရောက်သည်။ ဖေဖော်ဝါရီ ၈ ရက်နေ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့သို့ သွားရောက်သည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံစာချုပ် လက်မှတ် ရေးထိုးသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော မြို့တော်ဝန်၏ ဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားသည်။ မတ်လ ၁၀ ရက်နေ့တွင် ဗမာပြည် အင်္ဂလိပ် ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည်နေ့တွင် မိန့်ခွန်းပြောကြားသည်။ မတ်လ ၁၅ ရက်မှ မတ်လ ၁၇ ရက်နေ့အထိ လေကြောင်းခရီးဖြင့် မြိတ်၊ ထားဝယ်၊ မော်လမြိုင်မြို့များသို့ ခရီးထွက်သည်။ မတ်လ ၁၇ရက်နေ့ ညနေ၄နာရီအချိန်တွင် မော်လမြိုင်မြို့ ဘုရင်မပန်းခြံတွင် မိန့်ခွန်းပြောကြားသည်။ မတ်လ ၂၀ ရက်နေ့တွင် ကျောက်ဆည်နှင့် မန္တလေးမြို့များတွင် တရားဟောသည်။







မတ်လ ၂၁ စစ်ကိုင်းမြို့တွင် တရားဟောသည်။ မတ် ၂၃ ရက် ညောင်ဦးမြို့တွင် တရားဟောသည်။ မတ်လ ၂၄ ရက် မကွေးမြို့တွင် တရားဟောသည်။ မတ်လ ၂၅ ရက် တွင် နတ်မောက်မြို့တွင် တရားဟောသည်။ မတ်လ ၂၇ ရက် အာလံ (အောင်လံ) တွင် တရားဟောသည်။ ထိုနေ့တွင်ပင် ရန်ကုန် ပြန်ရောက်သည်။ ဧပြီလ ၁ ရက်တွင် လေယာဉ်ဖြင့် စစ်တွေသို့ ခရီးထွက်သည်။ ထိုညနေတွင် ရေတပ်မတော်မှ စစ်သင်္ဘောဖြင့် မြေပုံမြို့သို့ ခရီးဆက်သည်။ ဧပြီလ ၂ ရက်နေ့တွင် စစ်တွေမှ ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လာသည်။ ဧပြီလ ၄ ရက်တွင် အုတ်တွင်း တောင်ငူ ပျဉ်းမနားမြို့များတွင် တရားဟောသည်။ ဧပြီလ ၅ ရက်တွင် ပျော်ဘွယ်၊ တပ်ကုန်း၊ ရမည်းသင်းမြို့များတွင် တရားဟောသည်။ ဧပြီလ ၉ ရက်နေ့ ညနေ ၆ နာရီတွင် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နှင့် အတူ မဲရုံများသို့ လိုက်လံစစ်ဆေးသည်။ ရွေးကောက်ပွဲ ကျင်းပရာတွင် ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလ အဖွဲ့သည် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသည်။ ဧပြီလ ၁၂ ရက်နေ့ နေလယ် ၂ နာရီတွင် ဗီယက်နမ် နိုင်ငံကိုယ်စားလှယ် ပါမောက္ခ ရန်ပင်လော့နှင့် တွေ့ဆုံသည်။ ဧပြီလ ၁၇ရက် နေ့လည် ၁ နာရီတွင် ကန်တော်ကြီးစောင်း အိုရီယန့်ကလပ်၌ ယိုးဒယား အစိုးရနှင့် ဗီယက်နမ်အစိုးရ ကိုယ်စားလှယ်တော်များ ဧည့်ခံပွဲ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်။ ဧပြီလ ၁၈ ရက်နေ့တွင် နှစ်သစ်ကူး မိန့်ခွန်းပြောကြားသည်။ ဧပြီလ ၂၈ရက်နေ့ မန္တလေးသို့ လာသည်။



ဗိုလ်ချုပ်အသံနဲ့ ရှားရှားပါးပါးမိန့်ခွန်းကို အောက်မှာ နားဆင်နိုင်ပါတယ်။



ကြိုက်လို့ သိမ်းထာချင်သူတွေအတွက် Download လုပ်ချင်သူတွေ အတွက် အပိုင်း (1) | အပိုင်း (2)



မေလ ၄ ရက်နေ့တွင် ဗိုလ်ချုပ်နေအိမ်၌ ဖဆပလ ကိုယ်စားလှယ်များ ဆိုရှယ်လစ် ကိုယ်စားလှယ်များ၊ ပရသဖ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး နယ်များတွင် ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်များ မသင့်တင့်သည့် ကိစ္စများဖြေရှင်းပေးသည်။ မေလ ၆ ရက်နေ့ည ၈နာရီတွင် ပြည်လမ်း ပဲခူးကလပ်၌ မျက်နှာဖြူ ကုန်သည်ကြီးများ နှင့် ဆွေးနွေးသည်။ မေလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ပသျူးအစိုးရ ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာ ဘဟာနုဒင်နှင့် မစ္စတာ ဂျာဇန်ဇူလေမန်တို့ကို လက်ဖက်ရည်ပွဲနှင့် ဧည့်ခံသည်။ မေလ ၁၀ရက်နေ့ ညနေ ၃နာရီအချိန်တွင် သတင်းစာဆရာများကို အရေးပေါ် အစည်းအဝေးခေါ်ယူပြီး ဦးဘဖေကို ၀န်ကြီးအဖွဲ့မှ ထုတ်ပယ်သည့်ကိစ္စနှင့် စပ်လျဉ်းပြီး ရှင်းလင်း တင်ပြသည်။ မေလ ၁၂ရက်နေ့ည ၈နာရီတွင် အမေရိကန် သံအမတ် မစ္စတာ ပက်ကာ၏ နေအိမ်တွင် ကျင်းပသည့် ညစာစားပွဲသို့ တက်ရောက်သည်။ မေလ ၁၇ ရက်နေ့တွင် ယိုးဒယားဘုရင်ရဲ့ ဆွေတော်မျိုးတော်ဖြစ်သော မင်းသမီး ချန်ဘောနှင့် သမီးတော အာစီ မင်းသမီးတို့ကို တာဝါလိန်းနေအိမ်၌ ညစာဖြင့် ဧည့်ခံကျွေးမွေးသည်။ မေလ ၁၉ ရက်နေ့တွင် ဖဆပလ ပဏာမ ညီလာခံ ကျင်းပသည်။ မေလ ၂၅ ရက်နေ့တွင် ဗြိတိသျှရေတပ်မှ စစ်သင်္ဘော H.M.S FALE (ယခုစစ်ရေယာဉ် မေယု) အား ရေတပ်လက်ထောက် ဗိုလ်ချုပ် မစ်ချယ်က လွဲပြောင်းပေးသည်ကို အဆိုပါ သင်္ဘောပေါ်၌ပင် လက်ခံသည်။ မေလ ၃၀ ရက်နေ့တွင် သတင်းစာ ကွန့်ဖရန့်ပြုလုပ်သည်။ ဇွန်လ ၁၆ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး၌ အခြေခံဥပဒေနှင့် ပတ်သတ်သည့် လမ်းညွှန်ပြဌာန်းချက်ကို တင်သွင်းသည်။ ဇူလိုင်လ ၇ ရက်နေ့တွင် ဗမာပြည်ရှိ အိန္ဒိယ ငဋိညာဉ်ခံ ၀န်ထမ်းများ (I.C.S) နှင့် တွေ့ဆုံ ဆွေးနွေးသည်။ ဇူလိုင်လ ၁၃ရက် တနင်္ဂနွေနေ့ မြို့တော်ခန်းမမှနေပြီး လူထုသို့ မိန့်ခွန်းပြောကြားသည်။ ထိုမိန့်ခွန်းသည် နောက်ဆုံး ပြောကြားခဲ့သော မိန့်ခွန်းဖြစ်သည်။ ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မသမာသူလူတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့သည်။ကျွန်တော် တို့ မြန်မာ နိုင်ငံ အတွက် အလွန်ဝမ်းနည်းဖို့ ကောင်းပါတယ်ဗျာ။ကဲ ဖူးစာရှင်လေးက ကျွန်တော့သူငယ်ချင်းတွေ အားလုံး ကိုယ့်နိုင်ငံရဲ့ လေးစားစရာ ကောင်းတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အကြောင်းကို  ဗဟုသုတ အနေနဲ့ ဖြစ်ဖြစ် သိသွားခဲ့ရင် ပဲ ကျွန်တော်ပေးခဲ့ရတဲ့ အချိန်တွေအတွက် ကျွန်တော်ကျေနပ်မိပါတယ်ဗျာ။ ကျွန်တော့ Post လေးတွေကို အစဉ် တစိုက်ဖတ်ရှုပေးသော စာဖတ်ပရိတ်သတ်များ အားလုံး ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
ကြိုးစားလျက်..........!


ဗိုလ်ချုပ်အောင်ဆန်းဧ။် ဓါတ်ပုံများ အပိုင်း(၁)



































































































No comments:

Post a Comment